Tuesday, November 3, 2009

အရုဏ်တက်

မထူးခြားမယ့်
အဆင်ပြင်တခုနဲ့
မနက်ခင်းတခု
စဖွင့်တယ်
တမူ ထူးခြားမနေဘူး

ငါ့ မနက်ခင်းတွေမှာ
ကော်ဖီနွေးနွေးတခွက်ရှိမယ်
သီချင်းသံ သဲ့သဲ့ ရှိမယ်
တခါတလေ သာယာတဲ့ ဖုန်းသံ ရှိမယ်
ဒါထက် မပိုဘူး

ခုတလော
ငါ့မနက်တွေမှာ
ကော်ဖီတွေ ခဲခဲသွားတယ်
အလွမ်းသီချင်းတွေ ကြားတယ်
ဖုန်းလေးလည်း အလိုက်တသိ
တိတ်ဆိတ်လို့

အရုဏ်တက်တဲ့
ရောင်နီက မထွက်ဘူး
နှင်းမကျပေမယ့်
ငါ့ရင်ထဲ ခဲတယ်
ငါ့မနက်တွေ
မနွေးထွေးခဲ့တာ ကြာပေါ့

ငါ့ရဲ့ အရုဏ်တက်မှာ
နေမထွက်ဘူး
မင်းမရှိမှတော့
မနက်ခင်းလဲ
မလင်းဘူး

ဆက်လက်ဖတ်ရှူရန်...

တနေ့ တနေ့ ပတ်ဝန်းကျင်ကို သတိမထားမိပဲ နေ့စဉ် ဖြတ်သန်းနေမိတာ ဘယ်လောက်ကြာနေပြီ မသိ .. ထိုနေ့ကတော့ လမ်းပေါ်က သစ်ပင် ပန်းမန်တွေကို ဂရုတစိုက် ကြည့်မိတော့ လောက ကြီးက လှနေသားပဲ .. လမ်းဘေး တနေရာက ပန်းပင်တွေ ရောင်းတဲ့ ဆိုင်မှာလဲ ပန်းပေါင်စုံ အရောင်ပေါင်းစုံနဲ့ သက်ဝင် လှပ နေပါရော .. နေ၀င်ခါနီးအချိန်မှာ ၀င်ခါနီး နေရောင်က အရာရာကို တောက်ပမှုတွေနဲ့ ပိုမိုလှပစေတတ်ပါသလား .. အင်း .. ခု မြင်မြင်နေသမျှကတော့ သက်ဝင်လှပနေပါတယ် ..

လမ်းမ၀ဲယာကို ကြည့်မိတော့လည်း လူတွေ ပုံမှန်လုပ်ငန်းအနေနဲ့ လှုပ်ရှားသွားလာနေကြတယ် .. သူတို့ရော ကိုယ့်လိုမျိုး လှပနေတဲ့ ပတ်ဝန်းကျင်ကို ဂရုပြုမိကြရဲ့လား .. ဂရုပြုမိကြဖို့ရော သတိမှ ရကြရဲ့လား .. ပြောမဲ့သာ ပြောရတာ .. ကိုယ်တိုင်တောင် ခုတခါပဲ လောကကြီးက လှနေသားလို့ တွေးမိတတ်သေးတာလေ ..

ဒီက လူတွေရဲ့ တရားသေ လှုပ်ရှားမှုမျိုးကို ခံစားလို့ မရခဲ့တာ ကြာလှပြီ .. နွေးထွေးမှု မရှိ .. ပြောင်းလဲမှု မရှိ .. မျက်နှာသေ မျက်လုံးသေတွေနဲ့ .. အသက်ရှုနေလို့သာပေါ့ ..

လောကကြီးက လှနေပါတယ်လို့ သတိပြုမိတုန်းလေး တနေရာရာကို သွားပြီး အေးအေးဆေးဆေး ထိုင်နိုင်ရင်ကောင်းမှာပဲ .. မထိုင်ဖို့လည်း ဘယ်သူမှ မပြောပါဘူး .. ကိုယ့်ဟာကိုယ် မသွားဖြစ်သေးတာ .. တနေရာရာတော့ သွားဦးမှ .. သွားမယ့် နေရာလေးမှာ ရေတော့ ရှိစေချင်တယ် .. တိုက်တာတွေက မြင်ကွင်းတွေကို ကွယ်နေတဲ့ နေရာမျိုး မဖြစ်ရဘူး .. သစ်ပင်စိမ်းစိမ်းတွေ ကြားမှာ ပန်းပွင့်လေးတွေ ရှိနေမယ်ဆို မြင်ကွင်းက ပြည့်စုံနေမှာပဲ .. ဘေးနားမှာလား .. အင်း .. ဘယ်သူမှ မရှိလည်းပဲ ရပါတယ် ..

ဗီဗိုးက သဘောင်္တွေဆီ သွားရ ကောင်းမလားပဲ .. တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေချင်တယ် .. တိတ်တိတ်ဆိတ်ဆိတ် နေရာလေး တခုလောက် .. ငှက်သံလေးတွေ ရှိမယ် .. သစ်ရွက် လေတိုးသံလေးတွေ ရှိမယ် .. ကားသံတွေတော့ ဝေးနေစေချင်တယ် .. လူသံတွေလည်း တိတ်နေစေချင်တယ် .. ငြိမ်ငြိမ်လေး နေနေပြီး အတွေးတွေလည်း မရှုပ်ထွေးလာစေမယ့်နေရာ .. ဘာကိုမှ မစဉ်းစား မတွေးတော မခံစားပဲ ကိုယ့်အသက်ရှူသံကိုတောင် သတိထားမိနေစေမယ့်နေရာ .. အသက် ရှိနေပြီး လှုပ်ရှားနေလို့သာ ကိုယ့်ကို အသက်ရှူနေတယ်လို့ ထင်နေရတာ .. တကယ်တော့ သတိထားပြီးမှ အသက်ရှူဖြစ်မယ်ဆို အသက်ရှူရပ်သွားတာ ကြာရောပေါ့ ..

ကိုယ် ဘာကို နှစ်သက်တာလဲ .. ကိုယ် ဘာဖြစ်ချင်နေတာလဲ .. အမြဲတမ်း တစွဲတလန်း မဖြစ်တတ်တာ တခါတခါတော့လည်း စဉ်းစားရ ကျပ်သား .. ၀ါသနာတခု စွဲစွဲလန်းလန်းရှိနေရင် တစိုက်မတ်မတ် လုပ်ဖြစ်မယ် .. အခုတော့ ဘာလုပ်ရ ကောင်းမလဲ စဉ်းစားနေရတဲ့ အဖြစ် .. ခုလည်း ရေရေရာရာ အဖြေတခု ကိုယ့်ခေါင်းထဲက ထွက်မလာဘူး ..

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်

အကျီဖြူလေးဝတ်ထားတဲ့ ကလေး ဖြူဖြူလေးတယောက်ကို တွေ့လိုက်တယ် .. ကလေးတွေက အရောင်တွေ ကင်းတယ် .. သူတို့ ချစ်တဲ့သူနဲ့ဆို သူတို့ ပြုံးပျော်ရွှင်နေတတ်တယ် .. မချစ် မနှစ်သက်သူတယောက်က ကောက်ပွေ့လိုက်မယ်ဆို သူတို့ ငိုခြင်းနဲ့ မကျေနပ်မှုကို ပြသတယ် .. သူတို့မှာတော့ လွတ်လပ်စွာနဲ့ မကျေနပ်မှုကို ပြသခွင့် ရှိတယ် .. အိုး .. အသက်ကြီးလာတာနဲ့ အမျှ ကိုယ် ပိုင်ဆိုင် ရယူနိုင်တာတွေ များလာသလို ဆုံးရှုံးလိုက်ရတာတွေလည်း အားကြီးပါလား ..

အမှောင်ထု ကြီးစိုးနေတဲ့ လမ်းမကြီးကို အဖြတ်မှာ သတိထားမိတာက အဲဒီနေ့က လပြည့်ည .. လမင်းကြီးက လုံးလုံး ၀ိုင်းဝိုင်းကြီး အပြည့်အ၀ သာနေတယ်လေ .. ကောင်းကင်ကြီးကို မကြည့်မိတာလည်း ကြာပေါ့ .. ရန်ကုန်မှာဆိုရင်တော့ မီးပျက်တိုင်း ၀ရန်တာထွက်ဖြစ်တာနဲ့ ရှာမိတာက ခွန်ဆန်လောနဲ့ နန်းဦးပျင်တို့ ကြယ်မောင်နှံ .. မှတ်မှတ်ရရကို ရှာဖြစ်တယ် .. ညလယ်ခေါင် တရေးနိုး ၀ရန်တာ ထွက်ဖြစ်တိုင်းလည်း ရှာမိတယ် .. တွေ့လိုက်တိုင်းလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရတယ် .. အထက်တန်းတုန်းက သင်ရတဲ့ ပုံပြင်လေးထဲက ခွန်ဆန်လောရဲ့ အမေကြီးကိုလည်း မုန်းလိုက်တာ .. ခု ဒီမှာတော့ ကြယ်ရှာဖို့ မပြောနဲ့ လမင်းကိုတောင် သတိမထားမိတာ ကြာနေပြန်ပေါ့ ..

ခု သတိရလို့ အိမ်ပြင်ထွက်ကြည့်ရင်တော့ ရသားလေ .. ဒါပေမယ့် မီးမပျက်တော့ ကွန်ပျူတာရှေ့မှာပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတယ် .. ခုတောင် ညက တော်တော် နက်နေပေါ့ .. တော်ပါပြီ .. အတွေးတွေ ဒီမှာပဲ ခဏဆုံးလိုက်တော့မယ် ..

ဆက်လက်ဖတ်ရှူရန်...

ငါ့ကို ချစ်သတဲ့
ဘာကို ချစ်သလဲ
မင်းက ပြုံးလိုက်ရင် ချစ်ဖို့ ကောင်းသတဲ့

ငါ့ကို ချစ်လို့တဲ့
ဘာလို့ ချစ်သလဲ
မင်းက နားလည်မှု ပေးတတ်လွန်းသတဲ့

ငါ့ကို ချစ်သတဲ့
ဘယ်လောက်ထိ ချစ်မှာလဲ
ပြောတုန်းကတော့ တသက်လုံးပါပဲ

ငါ့ကို ချစ်သတဲ့
ဘာအတွက် ချစ်ပါသလဲ
ဘ၀တလျှောက်လုံး လက်တွဲဖို့ပါတဲ့

ငါ့ကို ချစ်သတဲ့
ဘာဖြစ်လို့ ချစ်ပါသလဲ
ချစ်ဖို့ ကောင်းလို့ ချစ်ပါသတဲ့

ငါ့ကို ချစ်လို့တဲ့
တကယ်နော်လို့ မေးမိတော့
တကယ်ပါ
မင်းက ငါ့အတွက် အကောင်းဆုံးတွေပေးနိုင်တဲ့သူတဲ့

ခုတော့

ငါ့ကို မချစ်တော့ပါတဲ့
ဘာကြောင့်လဲ မေးမိတော့
မင်းဟာ ငါ့အတွက် အကောင်းဆုံး မဖြစ်နိုင်ဘူး
မင်းက ငါ့အပေါ် နားမလည်ဘူး
မင်း အပြုံးတွေနဲ့ ငါ့ကို အနိုင်ယူသတဲ့

အင်း
နောက်ဆုံးတော့လည်း
လေထဲကပြောစကား
လေထဲတွင်ပဲ ပျောက်ကွယ်တတ်ပါလား ..

မြင်ရ ကြားရတဲ့ စုံတွဲတွေကို ကြည့်ပြီး ရေးမိတာပါ .. (ကိုယ်တိုင်လည်း ဘယ်တော့လည်း မသိဘူးပေါ့ .. :P) အချစ်ဆိုတာ ချစ်နေတုန်းတော့ အပြစ်မြင်ရိုး ထုံးစံ မရှိပေမယ့် အချစ်ပြယ်ပြီဆိုရင် ပြစ်ချက် အနာအဆာတွေ လက်ညှိုးထိုး မလွဲအောင် ပေါ်ပေါက်လာရတာတော့တာပါပဲ .. hehe .. တရားပေါက်တဲ့ လေသံနဲ့ :P

ဆက်လက်ဖတ်ရှူရန်...

Monday, October 26, 2009

ယုံကြည်မှုများ

ကျမက ဗုဒ္ဓဘာသာဝင် တဦးဖြစ်လို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေ အကျင့်အကြံတွေက သံသရာက လွတ်မြောက်ရာ လမ်းကြောင်းဆိုတာကို ယုံကြည်ပါတယ် .. ကံဆိုတာ လူက လုပ်တာဆိုတာကိုလည်း ယုံတယ် .. ကောင်းတာ လုပ်ရင် ကောင်းကျိုးခံစားရမယ် .. ကိုယ့်စေတနာက တချိန်ချိန်မှာ အကျိုးပေးမယ် .. စတာတွေကိုလည်း ယုံကြည်ပါတယ် ..

ပြီးတော့ မေတ္တာတရား .. မိဘတွေ ကိုယ့်အပေါ်ထားတဲ့ စေတနာ မေတ္တာတွေက အနှိုင်း မရှိဘူး ဆိုတာကို ယုံကြည်ပါတယ် .. ကျမ ဘယ်လို အခြေအနေပဲ ရောက်နေ ရောက်နေ အဖေနဲ့ အမေကတော့ ကျမအပေါ် မေတ္တာလျော့သွားမှာမဟုတ်ဘူး .. ကျမ ဘယ်လို အပြစ်တွေပဲ လုပ်လုပ် အမြဲတမ်း ခွင့်လွှတ်မှာပဲလို့လည်း ယုံပါသေးတယ် .. လူသားတွေထဲမှာ ကျမ အယုံကြည်ဆုံးက ကျမ မိဘ ပါပဲ ..

ကျမ ခုချိန်ထိ ကျမအပေါ် မုန်းတီးတဲ့လူ .. ယုတ်မာ ကောက်ကျစ်မယ့်လူနဲ့ မဆုံတွေ့ဘူးပါဘူး .. ကျမ တွေ့ဆုံ ခင်မင် လာသမျှ သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူ အားလုံးက ကျမအပေါ် အကုန်ကောင်းကြတယ် .. လူကောင်းတွေနဲ့ပဲ ဆုံတွေ့ဘူးပါတယ် .. သူ မကောင်းဘူးလို့ ပြောရလောက်တဲ့သူ ကျမ မှာ မရှိပါဘူး .. အဲဒါက ကျမ နေ့တိုင်း သတိရတိုင်း မေတ္တာပို့ ရွတ်ပါတယ် .. တခါတလေ လုံးစုံများစွာ သတ္တ၀ါ စတဲ့ မေတ္တာသုတ် မေတ္တာပို့ကို ရွတ်ပါတယ် .. တခါတလေ "၃၁ ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံး ကျန်းမာ ကြပါစေ ချမ်းသာကြပါစေ" လို့ပဲ မေတ္တာပို့ပါတယ် ..

အလုပ်ဝင်စကတည်းကလည်း လူကြီးတွေရဲ့ မျက်နှာကို မှန်းပြီး မေတ္တာပို့လေ့ရှိပါတယ် .. ဒါကြောင့်လည်း ကျမ အလုပ်မှာ မပင်မပန်းပဲ အကုန်အဆင်ပြေသလို လူတိုင်းနဲ့လည်း တည့်တယ် .. ကျမစိတ်ထဲမှာ စွဲနေတာပေါ့နော် .. ဆိုလိုချင်တာက မေတ္တာတရားက အစွမ်းထက်ပါတယ် .. အဲဒါကို ယုံကြည်ပါတယ် ..

ဝဋ်ကြွေးကိုလည်း ယုံကြည်သလို ကြောက်လည်း ကြောက်ပါတယ် .. ကိုယ့်မှာသာ ၀ဋ်ကြွေး ရှိနေမယ်ဆို ကြေအောင် ဆပ်ရပါမယ် .. ဒါမှလည်း မျှတမယ်မလား .. ကျမတို့ ဂေါတမ မြတ်စွာဘုရားတောင် ဘုရားဖြစ်ပြီးတာတောင်မှ ၀ဋ်ကြွေးကို ရှောင်လို့ မရခဲ့ပါဘူး ..

နောက်တခုက ရေစက်ပါ .. ရေစက်ရှိခဲ့လို့ ဆုံတွေ့ခဲ့ကြတယ် .. အဲဒီအချိန်မှာ ခင်မင် ပျော်ရွှင်ချင်လည်း ခင်မင် ပျော်ရွှင်နေမယ် .. မုန်းတီးချင်လည်း မုန်းတီးနေမယ် .. ဒါပေမယ့် ရေစက်ရှိနေသေးသရွေ့ ခွဲချင်လည်းပဲ ကွဲကွာဦးမှာ မဟုတ်ဘူး .. ရေစက်ကုန်သွားပြီဆိုရင်တော့ ဘယ်လိုပဲ မခွဲနိုင်ပါစေ ကွဲကွာကြရမှာပဲ ..

စိတ် တန်ခိုး ကိုလည်း ယုံကြည်ပါတယ် .. စိတ်သာရှိရင် ဆန္ဒသာရှိမယ်ဆိုရင် အရာရာကို အောင်မြင်အောင် ကျော်လွှားနိုင်မယ် လို့လည်း ယုံသေးတယ် .. မရနိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး .. တကယ် မရခဲ့ဘူး မဖြစ်ခဲ့ဘူးဆိုတာ စိတ်အား မထက်သန်လို့ပါ .. ကိုယ့်မှာ ယုံကြည်ချက်ရှိမယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်လို့ ယုံပါတယ် ..

ပန်းရင့် တဂ်လို့ ရေးတဲ့ ကျမရဲ့ ယုံကြည်တာလေးတွေပါ ..း))


ဆက်လက်ဖတ်ရှူရန်...

ပိုင်ဆိုင်ခြင်း စကားစုကို နားမလည်ဘူးရင် ဘယ်အရာမှလည်း ပိုင်ရလောက်အောင် ကြိုးစားမိမယ် မဟုတ်ဘူး ..

ခုတော့လေ ငါ ပိုင်ဆိုင်ဘူးတယ် .. ဒါ သေချာပါတယ် .. ဒါပေမယ့် ငါ့မှာ သက်သေဆိုလို့ ပြစရာ ပုံရိပ်တခုတောင် မရှိခဲ့ဘူး ..

စိုင်းစိုင်း သီချင်းမှာတော့ အဲဒီနေ့က မိုးမရွာဘူးတဲ့ .. ငါတို့နှစ်ယောက် နေ့ရက်တွေမှာတော့ မိုးရွာတဲ့ ရက်တွေရော နေပူတဲ့ ရက်တွေ အပြင် မြူဆိုင်းတဲ့ အချိန်တွေပါ ရှိခဲ့ဘူးတာပဲ ..

အချိန်ကာလဆိုတာ နေဒဏ် လေဒဏ်ကြောင့် လုံးပါး ပါးတတ်သလား .. နှစ်တွေစားရင် အရာရာကို မေ့ပျောက်နိုင်မယ်တဲ့လား .. ဟုတ်မဟုတ်တော့ မသိဘူး .. တော်တော်များများပြောတာ ငါကြားဖူးတယ် .. သေချာတာ ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး ..

သေသောသူ ကြာရင်မေ့တဲ့ .. ဟုတ်တယ် .. နင် သေသွားပြီ .. ငါ့အတွေးထဲမှာ .. ငါကိုယ်တိုင် သတ်ပစ်ခဲ့တယ်လေ .. ဒါပေမယ့် ငါ မမေ့သေးဘူး .. နာကျင်စွာနဲ့ သတိတရ ရှိတုန်း .. ဒဏ်ရာတော့ ငါ့ကိုယ်မှာ မရှိခဲ့ဘူး .. စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ..


ပျောက်သောသူ ရှာလျှင်တွေ့တဲ့ .. ငါသာ လိုက်ရှာမယ်ဆို တွေ့ခွင့် ရှိဦးမလား .. ငါ တကယ်ပဲ ပြန်တွေ့ချင်နေလား .. တကယ်တမ်း ပြန်တွေ့တော့ရော အခြေအနေတွေက ဘယ်လို ပြောင်းလဲနိုင်ဦးမှာတဲ့လဲ .. အင်း .. မထူးပါဘူး .. ငါ နေသားကျဖို့ ကြိုးစားကြည့်ဦးမယ် .. ထူးဆန်းတာ တခုကတော့ နင်နဲ့ ခပ်ဆင်ဆင်တူတဲ့လူ တဦးတယောက်များ မြင်လိုက်မိရင် ငါ့ ကမ္ဘာကြီး ချာချာလည်သွားတယ် ..

ခုလေးပဲ .. ငါ ခေါင်းငုံ လမ်းလျှောက်နေတုန်း ရှေ့က လူတယောက် ဖြတ်လျှောက်သွားတယ် .. ကတ္တီပါ ဖိနပ် သျှားရောင်လေး .. ငါ မော့ကြည့်မိတော့မလို့ .. နထင်က သွေးတိုးတဲ့အသံ တဒုတ်ဒုတ် ငါကြားနေရတယ် .. ငါဟာလေ မဖြစ်နိုင်မှန်း သိနေရက်နဲ့ မိုက်မဲနေသေးသူ တယောက် ..

ငါဟာလေ အမှတ်မရှိတဲ့သူ .. နင်နဲ့ ပတ်သက်ရင် အိနြေ္ဒပျက်လောက်အောင် ငါစိတ်တွေ ထွေပြားတယ် ..

နှစ်တွေလဲ ကြာခဲ့ပြီ .. မေ့မယ်ဆို လုံလောက်နေပါပြီ .. ဒါပေမယ့် ငါ ဆိုးသွမ်းစွာနဲ့ မေ့ဖို့ကို နှမြောတသနေတယ် .. ငါပိုင်ဆိုင်တာ ကျန်ခဲ့တဲ့ အတိတ်လေး တခုသာပဲလေ .. ဒါကြောင့်လဲ ငါ့ကို မိုက်မဲလိုက်တာ လို့တော့ မဆိုလောက်ပါဘူး ..

ငါ့ကို မရီပါနဲ့ .. မလှောင်ပါနဲ့ .. မိုက်လိုက်တာလို့ မပြောပါနဲ့ .. နှစ်သိမ့်စကားလည်း ပြောစရာ မလိုပါဘူး .. မသိချင်ယောင်လေးသာ ဆောင်သွားပေးပါ ..

ဆက်လက်ဖတ်ရှူရန်...

Wednesday, October 21, 2009

ခံစားမဲ့

အရာရာ
မြင်သမျှက
အကြည်ရောင်
ခံစားချက်ကလည်း
ခပ်ရှင်းရှင်း
စိတ်ထဲမှာ
ဟာလာ ဟင်းလင်း

ပိုင်ဆိုင်ချင်တဲ့ အရာလည်း မရှိ
ဆုံးရှုံးစရာလည်း မရှိ
ကိုယ်မပိုင်တာတွေ အတွက်
ဆုံးရှုံးမှာလည်း မကြောက်တတ်တော့ဘူး

ပုံသေ ကားချပ်
တွက် မရခဲ့တော့
ပုံသေနည်းတွေလည်း
ကျက် မှတ် မနေချင်တော့ဘူး

ဒီအတိုင်းလေးပဲ
ငါ့စိတ်
မပြောင်းမလဲ ရှိချင်တယ်
ငါ မပူလောင်တတ်ချင်တော့ဘူး

ပိုင်ဆိုင်ချင်စိတ်နောက်လိုက်ရင်းလည်း
ပူလောင်ပြီးပြီ
ပိုင်ဆိုင်ပြီးနောက်
မဆုံးရှုံးအောင် ကြိုးစားရင်းလည်း
ပူလောင်ပြီးပြီ
ဒီလောက်ဆို
လုံလောက်ခဲ့ပြီ
ငါ့စိတ်လေး
ငြိမ်နေချင်ပြီ

P.S အပေါ်က စာကို ဖတ်ပြီး မိုးခါးတယောက် သမာဓိတွေ ကောင်းနေပြီတော့ မထင်ပါနဲ့ .. ခုတလော စိတ်တွေက ရှုပ်လာလိုက် ဒေါသတွေထွက်လိုက်နဲ့ အရူးထနေလို့ :D စိတ်တိုင်း မကျတဲ့ အရာတွေက များနေတယ် .. ကိုယ့်ဒုက္ခကိုယ်ရှာနေတာပါ .. တကယ်တော့လည်း ဒါ ဘာမှမဟုတ်ဘူးလို့ တွေးလိုက်ရင်လည်း ပြီးသွားတာပါပဲ .. အဲလိုဖြစ်အောင်ပဲ ကြိုးစားနေတော့မယ် ..း))

ဆက်လက်ဖတ်ရှူရန်...

ငယ်ငယ်ကတော့ ထင်ခဲ့တာက လူကြီးတွေက ကိုယ့်ကို နားမလည်ဘူးပေါ့ .. လူငယ်တွေဘက်က ခံစားချက်ကို ချုပ်နှောင်တယ်လို့ ထင်မြင်ဘူးတယ် .. ကိုယ်က လွတ်လပ်ချင်တယ် .. လူကြီးတွေ (အထူးသဖြင့် အဖေနဲ့ အမေ)က ဘောင်တခု အတွင်းမှာ နေစေချင်တယ် .. အရင်ကတော့ အဲဒီဘောင်ဟာ ကိုယ့်အတွက် တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်စရာ ကောင်းခဲ့ဘူးတယ် .. ကိုယ့်ရင်ထဲမှာလဲ လူကြီးတွေကို အပြစ်တွေ မြင်လို့ပေါ့ ..

ခုအသက် အရွယ်ကို ရောက်လာတော့ လူကြီးတွေ နေရာကနေ မြင်ပေး တွေးပေးနိုင်လာသလို ကိုယ့်အောက်က အငယ်တွေ (အထူးသဖြင့် စိတ်ခံစားလွယ်တဲ့ သူတွေ)က ကိုယ်အရင် ရှိနေခဲ့ဘူးတဲ့ နေရာတခုက ခံစားချက်မျိုးတွေ ကြားလာ သိလာတော့လည်း ကိုယ့်အရွယ်ရောက်ရင် နားလည်လာလိမ့်မယ်လို့ ပြောပြနေမိတယ် .. ဒါဟာ အသက်အရွယ် အပိုင်းအခြားတခုက ရရှိလာတဲ့ သင်ခန်းစာ အတွေ့အကြုံတခုပဲလို့ ထင်မိတယ် ..

ခု ကိုယ့်ခံစားချက်က ကိုယ့်အပေါ် အရင်က နားမလည်ပေးဘူးထင်မိတဲ့ အဖေနဲ့ အမေကို အရမ်းကို အားနာမိတယ် .. ကိုယ့်အပေါ် သူတို့လောက် နားလည် ခံစားပေးနိုင်မယ့်လူ ရှိနိုင်လိမ့်မယ် မထင်ဘူး .. ရှိလာခဲ့တယ် ဆိုရင်တောင် မှီမယ် မထင်မိဘူး ..

အမေ့ချက်ကြိုးကတဆင့် အာဟာရတွေ ရယူခဲ့ဘူးလို့ မိခင်နဲ့ သားသမီးတွေ စိတ်ခံစားချက်ချင်း ဆက်သွယ်ခံစားနိုင်တယ်တဲ့ .. ယုံကြည်မိတယ် .. အဖေကရော .. မွေးလာတည်းက အရိပ်တကြည့်ကြည့် သားသမီး မျက်နှာ မငြိုးအောင် ကြိုးစားဖြည့်ဆည်း ရုန်းကန်ပေးနေတဲ့ ဒီ အဖေရဲ့ သွေးကလည်း ကိုယ့်ရဲ့ ကိုယ်ထဲမှာ သွင်သွင် စီးနေတယ်လေ ..

ဒီတော့ ဖုန်းမဆက်ဘူးဆိုရင်တောင် ဟိုဘက်က အဖေနဲ့ အမေက ကိုယ့်အခြေအနေကို ခန့်မှန်းနေမိပြီးပြီ .. အသံမကြားရရုံနဲ့ စိတ်ပူနေတတ်ခဲ့ပြီ ..

အသံကြားရပြီဆိုရင်ရော .. အသံကြားရုံနဲ့ ဒီ သားသမီး စိတ်ဆင်းရဲနေသလား ပျော်ရွှင်နေသလား ခံစားသိနိုင်ခဲ့တာ မိဘရဲ့ မေတ္တာတရားနဲ့ အာရုံခံစားမှုပါပဲ .. ဒါတွေက ညာလို့ မရနိုင်ဘူး .. ခံစားချက်ကို ယုံလို့ရတယ် ..

ကိုယ် ထင်ထားခဲ့တာက ကိုယ့်ရဲ့ စိတ်သဘောထားကို ဘယ်သူမှ အမှန် ဖတ်နိုင်လိမ့်မယ် မထင်ဘူးလို့လေ ..

သိပ်မကြာခင်ကပဲ နားလည်လိုက်တာက ကိုယ့်ရဲ့စိတ်ကို နားလည်ခံစားပေးနိုင်မယ့်သူက အဖေနဲ့ အမေပဲ ရှိတယ် .. ကိုယ် ၀မ်းနည်းရင် သူတို့လည်း ၀မ်းနည်းမယ် .. ကိုယ် နာကျင်ရင် သူတို့လည်း နာကျင်တယ် .. ကိုယ် ပျော်နေရင် သူတို့လည်း လိုက် ပျော်ရွှင်နေမှာပဲ .. သူတို့ကတောင် ကိုယ့်ထက် ပိုနိုင်သေးတယ် ..

ခုတလော အမေ့အသံကြားရင် စိတ်က ၀မ်းနည်းတယ် .. ဒီခံစားချက်က ပထမဆုံး အကြိမ်လို့ ပြောရင် လွန်နေမလားပဲ .. အရင်က အိမ်လွမ်းတယ်ဆိုတာလည်း ပြောရလောက်အောင် မဟုတ်ဘူး .. မိဘကို သတိရတယ်ဆိုတာလည်း ခဏတဖြုတ်ပြီးရင် လျော့လျော့ရဲရဲပဲ .. စိတ် ကြာကြာ အညစ်မခံတတ်တဲ့ ကိုယ့်ညဉ်ကြောင့် ဖြစ်ပါလိမ့်မယ် ..

ဒီကို လာခါစကတော့ ကိုယ့် စိတ်ကူး ကိုယ့် ရည်ရွယ်ချက်အတွက်ပဲ ခေါင်းထဲ ထည့်ထားမိတယ် .. ခေါင်းမာတဲ့ ကိုယ့်အကြောင်း သိထားလို့လည်း အဖေရော အမေရောက ပံ့ပိုးဖို့ပဲ ဆုံးဖြတ်ခဲ့ပုံပါ .. အမေကတော့ တားချင်ပေမယ့် အဖေကတော့ အားပေးခဲ့တယ် .. အဖေက ကိုယ့်ကို အယုံကြည်ဆုံး .. ဒီယုံကြည်ထားတဲ့ စိတ်ကိုလည်း စိတ်ပျက်စရာ မဖြစ်အောင် ကြိုးစားရဦးမယ် .. အမေကတော့ မိန်းမသား ပီပီ စိတ်ပူတယ် .. ခုချိန်ထိ စိတ်မချနိုင်သေးဘူး .. ဓါတ်ပုံတွေ ပို့ပေးလို့ ဘေးနားက တွဲရိုက်ထားသမျှ အကုန် မေးတတ်တယ် ..

အဖေနဲ့ အမေနဲ့ မေတ္တာကို နားလည် လာလေလေ ကိုယ်တိုင် မိခင်ဖြစ်ရာမှာတောင် ကြောက်လာတယ် .. ကြွေးသစ်တွေယူပြီး ပူလောင်ရဦးမှာလားလို့လေ .. ခုတွေးမိလို့သာပါ .. တကယ်တော့ ဝေးနေပါသေးတယ် .. ကိုယ်တိုင်လည်း သိတယ် .. အရည်အချင်း မရှိသေးဘူးလို့ ..

ဆက်လက်ဖတ်ရှူရန်...