ငါ့ကို ချစ်သတဲ့
ဘာကို ချစ်သလဲ
မင်းက ပြုံးလိုက်ရင် ချစ်ဖို့ ကောင်းသတဲ့

ငါ့ကို ချစ်လို့တဲ့
ဘာလို့ ချစ်သလဲ
မင်းက နားလည်မှု ပေးတတ်လွန်းသတဲ့

ငါ့ကို ချစ်သတဲ့
ဘယ်လောက်ထိ ချစ်မှာလဲ
ပြောတုန်းကတော့ တသက်လုံးပါပဲ

ငါ့ကို ချစ်သတဲ့
ဘာအတွက် ချစ်ပါသလဲ
ဘ၀တလျှောက်လုံး လက်တွဲဖို့ပါတဲ့

ငါ့ကို ချစ်သတဲ့
ဘာဖြစ်လို့ ချစ်ပါသလဲ
ချစ်ဖို့ ကောင်းလို့ ချစ်ပါသတဲ့

ငါ့ကို ချစ်လို့တဲ့
တကယ်နော်လို့ မေးမိတော့
တကယ်ပါ
မင်းက ငါ့အတွက် အကောင်းဆုံးတွေပေးနိုင်တဲ့သူတဲ့

ခုတော့

ငါ့ကို မချစ်တော့ပါတဲ့
ဘာကြောင့်လဲ မေးမိတော့
မင်းဟာ ငါ့အတွက် အကောင်းဆုံး မဖြစ်နိုင်ဘူး
မင်းက ငါ့အပေါ် နားမလည်ဘူး
မင်း အပြုံးတွေနဲ့ ငါ့ကို အနိုင်ယူသတဲ့

အင်း
နောက်ဆုံးတော့လည်း
လေထဲကပြောစကား
လေထဲတွင်ပဲ ပျောက်ကွယ်တတ်ပါလား ..

မြင်ရ ကြားရတဲ့ စုံတွဲတွေကို ကြည့်ပြီး ရေးမိတာပါ .. (ကိုယ်တိုင်လည်း ဘယ်တော့လည်း မသိဘူးပေါ့ .. :P) အချစ်ဆိုတာ ချစ်နေတုန်းတော့ အပြစ်မြင်ရိုး ထုံးစံ မရှိပေမယ့် အချစ်ပြယ်ပြီဆိုရင် ပြစ်ချက် အနာအဆာတွေ လက်ညှိုးထိုး မလွဲအောင် ပေါ်ပေါက်လာရတာတော့တာပါပဲ .. hehe .. တရားပေါက်တဲ့ လေသံနဲ့ :P

ဆက်လက်ဖတ်ရှူရန်...

Monday, October 26, 2009

ယုံကြည်မှုများ

ကျမက ဗုဒ္ဓဘာသာဝင် တဦးဖြစ်လို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေ အကျင့်အကြံတွေက သံသရာက လွတ်မြောက်ရာ လမ်းကြောင်းဆိုတာကို ယုံကြည်ပါတယ် .. ကံဆိုတာ လူက လုပ်တာဆိုတာကိုလည်း ယုံတယ် .. ကောင်းတာ လုပ်ရင် ကောင်းကျိုးခံစားရမယ် .. ကိုယ့်စေတနာက တချိန်ချိန်မှာ အကျိုးပေးမယ် .. စတာတွေကိုလည်း ယုံကြည်ပါတယ် ..

ပြီးတော့ မေတ္တာတရား .. မိဘတွေ ကိုယ့်အပေါ်ထားတဲ့ စေတနာ မေတ္တာတွေက အနှိုင်း မရှိဘူး ဆိုတာကို ယုံကြည်ပါတယ် .. ကျမ ဘယ်လို အခြေအနေပဲ ရောက်နေ ရောက်နေ အဖေနဲ့ အမေကတော့ ကျမအပေါ် မေတ္တာလျော့သွားမှာမဟုတ်ဘူး .. ကျမ ဘယ်လို အပြစ်တွေပဲ လုပ်လုပ် အမြဲတမ်း ခွင့်လွှတ်မှာပဲလို့လည်း ယုံပါသေးတယ် .. လူသားတွေထဲမှာ ကျမ အယုံကြည်ဆုံးက ကျမ မိဘ ပါပဲ ..

ကျမ ခုချိန်ထိ ကျမအပေါ် မုန်းတီးတဲ့လူ .. ယုတ်မာ ကောက်ကျစ်မယ့်လူနဲ့ မဆုံတွေ့ဘူးပါဘူး .. ကျမ တွေ့ဆုံ ခင်မင် လာသမျှ သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူ အားလုံးက ကျမအပေါ် အကုန်ကောင်းကြတယ် .. လူကောင်းတွေနဲ့ပဲ ဆုံတွေ့ဘူးပါတယ် .. သူ မကောင်းဘူးလို့ ပြောရလောက်တဲ့သူ ကျမ မှာ မရှိပါဘူး .. အဲဒါက ကျမ နေ့တိုင်း သတိရတိုင်း မေတ္တာပို့ ရွတ်ပါတယ် .. တခါတလေ လုံးစုံများစွာ သတ္တ၀ါ စတဲ့ မေတ္တာသုတ် မေတ္တာပို့ကို ရွတ်ပါတယ် .. တခါတလေ "၃၁ ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံး ကျန်းမာ ကြပါစေ ချမ်းသာကြပါစေ" လို့ပဲ မေတ္တာပို့ပါတယ် ..

အလုပ်ဝင်စကတည်းကလည်း လူကြီးတွေရဲ့ မျက်နှာကို မှန်းပြီး မေတ္တာပို့လေ့ရှိပါတယ် .. ဒါကြောင့်လည်း ကျမ အလုပ်မှာ မပင်မပန်းပဲ အကုန်အဆင်ပြေသလို လူတိုင်းနဲ့လည်း တည့်တယ် .. ကျမစိတ်ထဲမှာ စွဲနေတာပေါ့နော် .. ဆိုလိုချင်တာက မေတ္တာတရားက အစွမ်းထက်ပါတယ် .. အဲဒါကို ယုံကြည်ပါတယ် ..

ဝဋ်ကြွေးကိုလည်း ယုံကြည်သလို ကြောက်လည်း ကြောက်ပါတယ် .. ကိုယ့်မှာသာ ၀ဋ်ကြွေး ရှိနေမယ်ဆို ကြေအောင် ဆပ်ရပါမယ် .. ဒါမှလည်း မျှတမယ်မလား .. ကျမတို့ ဂေါတမ မြတ်စွာဘုရားတောင် ဘုရားဖြစ်ပြီးတာတောင်မှ ၀ဋ်ကြွေးကို ရှောင်လို့ မရခဲ့ပါဘူး ..

နောက်တခုက ရေစက်ပါ .. ရေစက်ရှိခဲ့လို့ ဆုံတွေ့ခဲ့ကြတယ် .. အဲဒီအချိန်မှာ ခင်မင် ပျော်ရွှင်ချင်လည်း ခင်မင် ပျော်ရွှင်နေမယ် .. မုန်းတီးချင်လည်း မုန်းတီးနေမယ် .. ဒါပေမယ့် ရေစက်ရှိနေသေးသရွေ့ ခွဲချင်လည်းပဲ ကွဲကွာဦးမှာ မဟုတ်ဘူး .. ရေစက်ကုန်သွားပြီဆိုရင်တော့ ဘယ်လိုပဲ မခွဲနိုင်ပါစေ ကွဲကွာကြရမှာပဲ ..

စိတ် တန်ခိုး ကိုလည်း ယုံကြည်ပါတယ် .. စိတ်သာရှိရင် ဆန္ဒသာရှိမယ်ဆိုရင် အရာရာကို အောင်မြင်အောင် ကျော်လွှားနိုင်မယ် လို့လည်း ယုံသေးတယ် .. မရနိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး .. တကယ် မရခဲ့ဘူး မဖြစ်ခဲ့ဘူးဆိုတာ စိတ်အား မထက်သန်လို့ပါ .. ကိုယ့်မှာ ယုံကြည်ချက်ရှိမယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်လို့ ယုံပါတယ် ..

ပန်းရင့် တဂ်လို့ ရေးတဲ့ ကျမရဲ့ ယုံကြည်တာလေးတွေပါ ..း))


ဆက်လက်ဖတ်ရှူရန်...

ပိုင်ဆိုင်ခြင်း စကားစုကို နားမလည်ဘူးရင် ဘယ်အရာမှလည်း ပိုင်ရလောက်အောင် ကြိုးစားမိမယ် မဟုတ်ဘူး ..

ခုတော့လေ ငါ ပိုင်ဆိုင်ဘူးတယ် .. ဒါ သေချာပါတယ် .. ဒါပေမယ့် ငါ့မှာ သက်သေဆိုလို့ ပြစရာ ပုံရိပ်တခုတောင် မရှိခဲ့ဘူး ..

စိုင်းစိုင်း သီချင်းမှာတော့ အဲဒီနေ့က မိုးမရွာဘူးတဲ့ .. ငါတို့နှစ်ယောက် နေ့ရက်တွေမှာတော့ မိုးရွာတဲ့ ရက်တွေရော နေပူတဲ့ ရက်တွေ အပြင် မြူဆိုင်းတဲ့ အချိန်တွေပါ ရှိခဲ့ဘူးတာပဲ ..

အချိန်ကာလဆိုတာ နေဒဏ် လေဒဏ်ကြောင့် လုံးပါး ပါးတတ်သလား .. နှစ်တွေစားရင် အရာရာကို မေ့ပျောက်နိုင်မယ်တဲ့လား .. ဟုတ်မဟုတ်တော့ မသိဘူး .. တော်တော်များများပြောတာ ငါကြားဖူးတယ် .. သေချာတာ ငါ့အတွက်တော့ မဟုတ်ခဲ့ဘူး ..

သေသောသူ ကြာရင်မေ့တဲ့ .. ဟုတ်တယ် .. နင် သေသွားပြီ .. ငါ့အတွေးထဲမှာ .. ငါကိုယ်တိုင် သတ်ပစ်ခဲ့တယ်လေ .. ဒါပေမယ့် ငါ မမေ့သေးဘူး .. နာကျင်စွာနဲ့ သတိတရ ရှိတုန်း .. ဒဏ်ရာတော့ ငါ့ကိုယ်မှာ မရှိခဲ့ဘူး .. စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ..


ပျောက်သောသူ ရှာလျှင်တွေ့တဲ့ .. ငါသာ လိုက်ရှာမယ်ဆို တွေ့ခွင့် ရှိဦးမလား .. ငါ တကယ်ပဲ ပြန်တွေ့ချင်နေလား .. တကယ်တမ်း ပြန်တွေ့တော့ရော အခြေအနေတွေက ဘယ်လို ပြောင်းလဲနိုင်ဦးမှာတဲ့လဲ .. အင်း .. မထူးပါဘူး .. ငါ နေသားကျဖို့ ကြိုးစားကြည့်ဦးမယ် .. ထူးဆန်းတာ တခုကတော့ နင်နဲ့ ခပ်ဆင်ဆင်တူတဲ့လူ တဦးတယောက်များ မြင်လိုက်မိရင် ငါ့ ကမ္ဘာကြီး ချာချာလည်သွားတယ် ..

ခုလေးပဲ .. ငါ ခေါင်းငုံ လမ်းလျှောက်နေတုန်း ရှေ့က လူတယောက် ဖြတ်လျှောက်သွားတယ် .. ကတ္တီပါ ဖိနပ် သျှားရောင်လေး .. ငါ မော့ကြည့်မိတော့မလို့ .. နထင်က သွေးတိုးတဲ့အသံ တဒုတ်ဒုတ် ငါကြားနေရတယ် .. ငါဟာလေ မဖြစ်နိုင်မှန်း သိနေရက်နဲ့ မိုက်မဲနေသေးသူ တယောက် ..

ငါဟာလေ အမှတ်မရှိတဲ့သူ .. နင်နဲ့ ပတ်သက်ရင် အိနြေ္ဒပျက်လောက်အောင် ငါစိတ်တွေ ထွေပြားတယ် ..

နှစ်တွေလဲ ကြာခဲ့ပြီ .. မေ့မယ်ဆို လုံလောက်နေပါပြီ .. ဒါပေမယ့် ငါ ဆိုးသွမ်းစွာနဲ့ မေ့ဖို့ကို နှမြောတသနေတယ် .. ငါပိုင်ဆိုင်တာ ကျန်ခဲ့တဲ့ အတိတ်လေး တခုသာပဲလေ .. ဒါကြောင့်လဲ ငါ့ကို မိုက်မဲလိုက်တာ လို့တော့ မဆိုလောက်ပါဘူး ..

ငါ့ကို မရီပါနဲ့ .. မလှောင်ပါနဲ့ .. မိုက်လိုက်တာလို့ မပြောပါနဲ့ .. နှစ်သိမ့်စကားလည်း ပြောစရာ မလိုပါဘူး .. မသိချင်ယောင်လေးသာ ဆောင်သွားပေးပါ ..

ဆက်လက်ဖတ်ရှူရန်...

Wednesday, October 21, 2009

ခံစားမဲ့

အရာရာ
မြင်သမျှက
အကြည်ရောင်
ခံစားချက်ကလည်း
ခပ်ရှင်းရှင်း
စိတ်ထဲမှာ
ဟာလာ ဟင်းလင်း

ပိုင်ဆိုင်ချင်တဲ့ အရာလည်း မရှိ
ဆုံးရှုံးစရာလည်း မရှိ
ကိုယ်မပိုင်တာတွေ အတွက်
ဆုံးရှုံးမှာလည်း မကြောက်တတ်တော့ဘူး

ပုံသေ ကားချပ်
တွက် မရခဲ့တော့
ပုံသေနည်းတွေလည်း
ကျက် မှတ် မနေချင်တော့ဘူး

ဒီအတိုင်းလေးပဲ
ငါ့စိတ်
မပြောင်းမလဲ ရှိချင်တယ်
ငါ မပူလောင်တတ်ချင်တော့ဘူး

ပိုင်ဆိုင်ချင်စိတ်နောက်လိုက်ရင်းလည်း
ပူလောင်ပြီးပြီ
ပိုင်ဆိုင်ပြီးနောက်
မဆုံးရှုံးအောင် ကြိုးစားရင်းလည်း
ပူလောင်ပြီးပြီ
ဒီလောက်ဆို
လုံလောက်ခဲ့ပြီ
ငါ့စိတ်လေး
ငြိမ်နေချင်ပြီ

P.S အပေါ်က စာကို ဖတ်ပြီး မိုးခါးတယောက် သမာဓိတွေ ကောင်းနေပြီတော့ မထင်ပါနဲ့ .. ခုတလော စိတ်တွေက ရှုပ်လာလိုက် ဒေါသတွေထွက်လိုက်နဲ့ အရူးထနေလို့ :D စိတ်တိုင်း မကျတဲ့ အရာတွေက များနေတယ် .. ကိုယ့်ဒုက္ခကိုယ်ရှာနေတာပါ .. တကယ်တော့လည်း ဒါ ဘာမှမဟုတ်ဘူးလို့ တွေးလိုက်ရင်လည်း ပြီးသွားတာပါပဲ .. အဲလိုဖြစ်အောင်ပဲ ကြိုးစားနေတော့မယ် ..း))

ဆက်လက်ဖတ်ရှူရန်...

ငယ်ငယ်ကတော့ ထင်ခဲ့တာက လူကြီးတွေက ကိုယ့်ကို နားမလည်ဘူးပေါ့ .. လူငယ်တွေဘက်က ခံစားချက်ကို ချုပ်နှောင်တယ်လို့ ထင်မြင်ဘူးတယ် .. ကိုယ်က လွတ်လပ်ချင်တယ် .. လူကြီးတွေ (အထူးသဖြင့် အဖေနဲ့ အမေ)က ဘောင်တခု အတွင်းမှာ နေစေချင်တယ် .. အရင်ကတော့ အဲဒီဘောင်ဟာ ကိုယ့်အတွက် တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်စရာ ကောင်းခဲ့ဘူးတယ် .. ကိုယ့်ရင်ထဲမှာလဲ လူကြီးတွေကို အပြစ်တွေ မြင်လို့ပေါ့ ..

ခုအသက် အရွယ်ကို ရောက်လာတော့ လူကြီးတွေ နေရာကနေ မြင်ပေး တွေးပေးနိုင်လာသလို ကိုယ့်အောက်က အငယ်တွေ (အထူးသဖြင့် စိတ်ခံစားလွယ်တဲ့ သူတွေ)က ကိုယ်အရင် ရှိနေခဲ့ဘူးတဲ့ နေရာတခုက ခံစားချက်မျိုးတွေ ကြားလာ သိလာတော့လည်း ကိုယ့်အရွယ်ရောက်ရင် နားလည်လာလိမ့်မယ်လို့ ပြောပြနေမိတယ် .. ဒါဟာ အသက်အရွယ် အပိုင်းအခြားတခုက ရရှိလာတဲ့ သင်ခန်းစာ အတွေ့အကြုံတခုပဲလို့ ထင်မိတယ် ..

ခု ကိုယ့်ခံစားချက်က ကိုယ့်အပေါ် အရင်က နားမလည်ပေးဘူးထင်မိတဲ့ အဖေနဲ့ အမေကို အရမ်းကို အားနာမိတယ် .. ကိုယ့်အပေါ် သူတို့လောက် နားလည် ခံစားပေးနိုင်မယ့်လူ ရှိနိုင်လိမ့်မယ် မထင်ဘူး .. ရှိလာခဲ့တယ် ဆိုရင်တောင် မှီမယ် မထင်မိဘူး ..

အမေ့ချက်ကြိုးကတဆင့် အာဟာရတွေ ရယူခဲ့ဘူးလို့ မိခင်နဲ့ သားသမီးတွေ စိတ်ခံစားချက်ချင်း ဆက်သွယ်ခံစားနိုင်တယ်တဲ့ .. ယုံကြည်မိတယ် .. အဖေကရော .. မွေးလာတည်းက အရိပ်တကြည့်ကြည့် သားသမီး မျက်နှာ မငြိုးအောင် ကြိုးစားဖြည့်ဆည်း ရုန်းကန်ပေးနေတဲ့ ဒီ အဖေရဲ့ သွေးကလည်း ကိုယ့်ရဲ့ ကိုယ်ထဲမှာ သွင်သွင် စီးနေတယ်လေ ..

ဒီတော့ ဖုန်းမဆက်ဘူးဆိုရင်တောင် ဟိုဘက်က အဖေနဲ့ အမေက ကိုယ့်အခြေအနေကို ခန့်မှန်းနေမိပြီးပြီ .. အသံမကြားရရုံနဲ့ စိတ်ပူနေတတ်ခဲ့ပြီ ..

အသံကြားရပြီဆိုရင်ရော .. အသံကြားရုံနဲ့ ဒီ သားသမီး စိတ်ဆင်းရဲနေသလား ပျော်ရွှင်နေသလား ခံစားသိနိုင်ခဲ့တာ မိဘရဲ့ မေတ္တာတရားနဲ့ အာရုံခံစားမှုပါပဲ .. ဒါတွေက ညာလို့ မရနိုင်ဘူး .. ခံစားချက်ကို ယုံလို့ရတယ် ..

ကိုယ် ထင်ထားခဲ့တာက ကိုယ့်ရဲ့ စိတ်သဘောထားကို ဘယ်သူမှ အမှန် ဖတ်နိုင်လိမ့်မယ် မထင်ဘူးလို့လေ ..

သိပ်မကြာခင်ကပဲ နားလည်လိုက်တာက ကိုယ့်ရဲ့စိတ်ကို နားလည်ခံစားပေးနိုင်မယ့်သူက အဖေနဲ့ အမေပဲ ရှိတယ် .. ကိုယ် ၀မ်းနည်းရင် သူတို့လည်း ၀မ်းနည်းမယ် .. ကိုယ် နာကျင်ရင် သူတို့လည်း နာကျင်တယ် .. ကိုယ် ပျော်နေရင် သူတို့လည်း လိုက် ပျော်ရွှင်နေမှာပဲ .. သူတို့ကတောင် ကိုယ့်ထက် ပိုနိုင်သေးတယ် ..

ခုတလော အမေ့အသံကြားရင် စိတ်က ၀မ်းနည်းတယ် .. ဒီခံစားချက်က ပထမဆုံး အကြိမ်လို့ ပြောရင် လွန်နေမလားပဲ .. အရင်က အိမ်လွမ်းတယ်ဆိုတာလည်း ပြောရလောက်အောင် မဟုတ်ဘူး .. မိဘကို သတိရတယ်ဆိုတာလည်း ခဏတဖြုတ်ပြီးရင် လျော့လျော့ရဲရဲပဲ .. စိတ် ကြာကြာ အညစ်မခံတတ်တဲ့ ကိုယ့်ညဉ်ကြောင့် ဖြစ်ပါလိမ့်မယ် ..

ဒီကို လာခါစကတော့ ကိုယ့် စိတ်ကူး ကိုယ့် ရည်ရွယ်ချက်အတွက်ပဲ ခေါင်းထဲ ထည့်ထားမိတယ် .. ခေါင်းမာတဲ့ ကိုယ့်အကြောင်း သိထားလို့လည်း အဖေရော အမေရောက ပံ့ပိုးဖို့ပဲ ဆုံးဖြတ်ခဲ့ပုံပါ .. အမေကတော့ တားချင်ပေမယ့် အဖေကတော့ အားပေးခဲ့တယ် .. အဖေက ကိုယ့်ကို အယုံကြည်ဆုံး .. ဒီယုံကြည်ထားတဲ့ စိတ်ကိုလည်း စိတ်ပျက်စရာ မဖြစ်အောင် ကြိုးစားရဦးမယ် .. အမေကတော့ မိန်းမသား ပီပီ စိတ်ပူတယ် .. ခုချိန်ထိ စိတ်မချနိုင်သေးဘူး .. ဓါတ်ပုံတွေ ပို့ပေးလို့ ဘေးနားက တွဲရိုက်ထားသမျှ အကုန် မေးတတ်တယ် ..

အဖေနဲ့ အမေနဲ့ မေတ္တာကို နားလည် လာလေလေ ကိုယ်တိုင် မိခင်ဖြစ်ရာမှာတောင် ကြောက်လာတယ် .. ကြွေးသစ်တွေယူပြီး ပူလောင်ရဦးမှာလားလို့လေ .. ခုတွေးမိလို့သာပါ .. တကယ်တော့ ဝေးနေပါသေးတယ် .. ကိုယ်တိုင်လည်း သိတယ် .. အရည်အချင်း မရှိသေးဘူးလို့ ..

ဆက်လက်ဖတ်ရှူရန်...

သီချင်းနားထောင်တယ်ဆိုတာ စိတ်ထွက်ပေါက်တခု စိတ်ဖျော်ဖြေမှု တခုအနေနဲ့ မိုးခါးကတော့ သတ်မှတ်မိပါတယ် .. ကိုယ်တိုင်လည်း စိတ်ညစ်လည်း နားထောင်တယ် ပျော်လည်း နားထောင်တယ် ဘယ်လိုမှ မနေလည်း နားထောင်တယ် .. သဘောကတော့ အိမ်မှာ ရှိနေချိန်ဆို မနက်မိုးလင်းတာနဲ့ သီချင်း နားထောင်ဖြစ်ပါတယ် ..

သီချင်းနားထောင်ရတာကို သဘောကျတယ် .. ရွေးပြီး နားထောင်ဖြစ်တာ ရှားတယ် .. ကိုယ်ကြိုက်လို့ ဒေါင်းထားသမျှ မျက်စိထဲတွေ့တာ ဖွင့်တယ် .. အသစ်ထွက်တယ်ဆိုမှ ဒါကို ထပ်ခါ ထပ်ခါ နားထောင်ဖြစ်တတ်တာ ..

သီချင်းနားထောင်ပြီး ကိုယ့်ရင်ထဲ ရောက်လာတဲ့ ခံစားချက်ကို ကြိုက်တယ် .. ဘယ်နားက သီချင်းသံ ကြားကြား ကိုယ်ရတာဆို ကိုယ့်ပါးစပ်ထဲပါ ရောက်လာတာပဲ ..

ဗညားရှိန်က ဆိုညည်းနေကျ သီချင်းလေးများဆိုပြီး တဂ်တော့ အမြဲတမ်း မညည်းဖြစ်ပဲ ကြားရာလိုက်ဆို ကြုံရာ နားထောင်တဲ့ မိုးခါးတို့ စဉ်းစားရ ကြပ်ပါပီ ..

ခု နားထောင်နေတဲ့ သီချင်းလေးတွေထဲက နားထောင်စေချင်တဲ့ သီချင်းလေးတွေကိုပဲ ဖော်ပြ ပေးလိုက်ပါတော့မယ် ..း))




လမ်းဆုံ အခွေထဲက ၀ိုင်းစု ဆိုထားတဲ့ အပြစ်မမြင်သီချင်းလေး ကြိုက်ပါတယ် .. အပြင်မှာတော့ သူ့လို အပြစ်မမြင်ပဲ နေနိုင်မှာတော့ မဟုတ်ဘူး .. :P



အာဇာနည်ရဲ့ မျှော်လင့်မထားတဲ့အချိန် ..



Lဆိုင်းဇီသီချင်း တော်တော် များများ ကြိုက်ပါတယ် .. ဒီသီချင်းလည်း ကြိုက်ပါတယ် ..



ဆုန်သင်းပါ သီချင်းတွေလည်း ကြိုက်တယ် .. တင်ချင်လို့ ရှာတာက သခင် သီချင်းပါ .. မတွေ့ဘူး .. ဒါနဲ့ ခုသီချင်းပဲ ညည်းလိုက်ပါတယ် ..း))

ဆိုညည်းတဲ့ သီချင်းတွေဆိုပြီး တဂ်တဲ့ ဗညားအတွက် ဒီပို့စ်ကို ရေးပါတယ် ..း))

ဆက်လက်ဖတ်ရှူရန်...

Wednesday, October 14, 2009

ညီမျှခြင်း

အတိတ်ကို ပြန်လည်တူးဆွဖို့
ရုပ်ရှင်တကား
နောက်ပြန်ရစ်သလောက်တောင် မခက်ဘူး
ဒဏ်ရာ နက်နက် တခုသာလိုတာ

အတိတ်ကို အတိတ်မှန်း သိဖို့
အဖြူအမဲ ပြောင်းပြစရာမလိုဘူး
လက်ရှိအချိန်မှာလည်း
အရောင်တွေစုံနေတာမှ မဟုတ်ပဲ

တချို့ဘ၀တွေက
ခပ်ရင့်ရင့်
တချို့ဘ၀တွေက
နွမ်းဖျော့ဖျော့

ခက်ထန်ခြင်း
ကြမ်းတမ်းခြင်းတွေ ကြားမှာ
ဖျော့တော့တော့ အရောင်တွေ
ညိုမွဲ ပျောက်ကွယ်

ညီမျှခြင်းစာလုံးပေါင်း
ဒီလောက် ပေါင်းရခက်မှန်း
ငါခုမှ သိတော့တယ်

ဗညားရှိန်ကို တဂ်ကြွေးပေးမလို့ ရေးထားတဲ့စာ အကုန်ပြီးမှ လက်ကလိလိုက်တာနဲ့ ပျောက်သွားလို့ စိတ်လေသွားတယ် .. ဒါနဲ့ ရေးချင်တာ လျှောက်ရေးလိုက်တယ် .. :D

ဗညားရေ ခဏတော့ စောင့်လိုက်ဦးဟေ့ .. :P


ဆက်လက်ဖတ်ရှူရန်...

Tuesday, October 13, 2009

m for & မ for

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name – Moe Khar
2. A four letter word – Mark
3. A boy’s name – Michael
4. A girl’s name - Madonna
5. An occupation – Mathematician
6. A color – Mahogany
7. Something you’ll wear - Muff
8. A food – Mango
9. Something found in the bathroom – Mitten
10. A place – Mecca


11. A reason for being late – Missing Key
12. Something you’d shout – Move Move Move
13. A movie title – My Bloody Valentine
14. Something you drink – Mocha
15. A musical group – M2M
16. An animal – Mouse
17. A street name – Macpherson Road (at singapore)
18. A type of car – Maserati
19. The title of the song – My Love
20. A verb – Meditate

ပန်းရင့် တဂ်တဲ့ ဂိမ်းလေးပါ .. မူးသွားပြီ .. ဒေါက်တာ လာကုတော့ :P

1. What is your name : မိုးခါး
2. A four Letter Word : မိုးကုပ်စက်ဝိုင်း
3. A boy's Name : မိုးထက်မြင့်
4. A girl's Name : မိုးနှောင်း
5. An occupation : မိုးလေ၀သ နဲ့ ဇလဗေဒ
6. A color : မိုးပြာရောင်
7. Something you'll wear : မိုးကာအကျီ
8. A food : မိုးကျလက်ဖက်
9. Something found in the bathroom : မိုးရေ
10. A place : မိုးကုတ်
11. A reason for being late : မိုးခိုနေလို့
12. Something you'd shout : မိုးရွာနေပြီ
13. A movie title : မိုးည
14. Something you drink : မိုးပုလဲသီး ဖျော်ရည်
15. A musical group : မိုနိုပိုလီ
16. An animal : မိုးကောင်းငှက်
17. A street name : မိုးကောင်းလမ်း
18. A type of car : မူကြိုကား
19. The title of a song : မိုးပြေး
20. A verb : မိုးမျှော်သည်

အဆိပ်ခွက်က မ for မိုးခါး ဆိုပြီး တဂ်ပါတယ် .. လျှာရှည်ပြီး မိုးတွေ လိုက်ရှာတာ .. ကားနဲ့ သီချင်းအဖွဲ့ကျ ရှာမရတော့ဘူး .. :D
 
ရေတမာ ညီညီ နွေးနေခြည် .. မေသူ .. နှင်းဆီပန်းချစ်တဲ့ ကောင်မလေး နဲ့ ချိုကိုသဇင် တို့ကို ဆက်ပြီး ခေါင်းစားပါမယ် ..

ဆက်လက်ဖတ်ရှူရန်...

Wednesday, October 7, 2009

စိတ်အချဉ်

ပူပြင်းတဲ့ နေဟာ
မေတ္တာတရားကြောင့်
အေးမြခြင်း အသွင် ပြောင်းသတဲ့
ဖတ်ဖူးသမျှ
စာသားတွေက
လှတယ်

စိတ်ကူးတွေ ယဉ်ကြ
မျှော်လင့်ချက်တွေ ပျိုးကြ
ကိုယ်ဆီ အိပ်မက်တွေ မက်လို့
တိမ်တွေပေါ်လည်း
ပန်းချီတွေ ဆွဲလား ဆွဲရဲ့
ငါတို့ အိပ်မက် ကမ္ဘာမှာ
အိပ်မက်ပန်းတွေ ပွင့်တယ်

အိပ်မက်ဟာ အိပ်မက်ပါ
နိုးထချိန်မှာတော့
အိပ်မက်ဟာ
ရေတပွက်စာတောင်
မြင်ခွင့် မရခဲ့ဘူး

လောကဓံ
နာမည်ကိုက ခါးသက်ချင်စရာ

ဘယ်လိုတွေးမလဲ
အိပ်မက်နဲ့ လက်တွေ့
အလှမ်းကွာဝေးလွန်းပုံကို

ဘယ်သူ့ကို အပြစ်တင်မလဲ
တရားခံက နောက်ဆုံးတော့
ကိုယ်တိုင်ပါပဲ

ဝဋ်ကြွေးမှန်းသမျှ
ကျေအောင် ဆပ်ကြရမယ်ဆို
ခုကြွေးရှင်တွေ
ဘယ်တော့ ပြန်ဆပ်ရမလဲ

ခုတလော စိတ်က ခပ်ချဉ်ချဉ် ဖြစ်တုန်း .. မတရားတာတွေကို သိနေ မြင်နေလဲ ဘာမှလုပ်နိုင်စွမ်း မရှိတဲ့ ဘ၀ ..

ဟိုတလောက ဦးလေးတွေ မလေးကို သွားလည်ကြတယ် .. ဒီကနေ package နဲ့ သွားတယ် .. အားလုံး ၄ ယောက်ပေါ့ .. စစချင်း package သွားဝယ်တည်းက ဒေါသက ထွက်ချင်စရာ .. ဘယ်လိုဆို ဘယ်လောက် ဘယ်လိုဆို ဘယ်လောက် ပြောဆိုပြီးမှ ဘယ်က လာသလဲဆိုပြီး ရောက်သွားတယ် .. မြန်မာပြည်ကြီးကပေါ့ .. ဂုဏ်ယူစွာ ဖြေကြားလိုက်တယ် .. ချက်ချင်း ဘယ်လိုဖြစ်တယ်မသိဘူး ယူထားတဲ့ ဗီဇာတွေကို အခန်းထဲ ယူသွားပြီး စစ် မစစ် စစ်ဆေးပါသတဲ့ .. (ဒီလို အထင်ကြီးခံရတာ)

ဝယ်ပြီးပြီ သွားဖို့လုပ်ပြီး သွားကြပြီပေါ့ .. အ၀င်လည်းရောက်ရော ပတ်စ်စပို့ကို ကြည့်တာနဲ့ ရစ်ရောတဲ့ .. အပြန်လေယာဉ်လက်မှတ်ကို fix မလုပ်ထားလို့လေး ဘာလေးနဲ့ .. တကယ်တော့ သွားကြတဲ့ လူတွေ အကုန်လုံး အသက်က ၄၅ နှစ် အထက်တွေ ချည်းပဲ .. ကားပေါ်ပါသမျှ လူတွေ အကုန် ရှင်းပြီ ဒီလေး ယောက်ပဲ ပြီး မပြီးနိုင်ဘူး .. ဗီဇာယူသွားတဲ့ အပြင်ကို နောက်ထပ် စလုံး ၂၅ ဒေါ်လာစီဆိုလား (ဒါထက်များမယ် ထင်တယ်) ထပ်ပေးရတယ်တဲ့ ..

ဘာဖြစ်လို့လဲ မြန်မာပတ်စ်ပို့ ကိုင်ထားတာနဲ့ နှာခေါင်း ရှုံ့ချင်ကြတာ .. မြန်မာဆိုတာနဲ့ ခိုးမယ့် လူလား ၀ှက်မယ့်လူလား မယုံသင်္ကာဖြစ်ရတာ .. ဟူးးးးးးးးးးးးးး ... မောတယ် .. မောတယ် .. မပြောချင်တော့ပါဘူး .. ဆက်ပြောရင် နိုင်ငံရေးတွေ ပါလာတော့မယ် .. :P

မနေနိုင်လို့ ဆက်ပြောဦးမယ် ..

ကိုယ်စီကိုယ်စီ တာဝန်တွေယူကြရမယ်ဆိုပြီး နိုင်ငံခြားတွေ ထွက်ကြတယ် .. အိပ်မက်တွေနဲ့ စိတ်ကူးတွေနဲ့ .. ဘယ်နိုင်ငံ ရောက်ရောက် နှိမ်ခံရတယ် .. အဲဒီ ဒဏ်တွေကို ကြိတ်မှိတ်ခံပြီး ကြိုးစား ရုန်းကန်ကြတယ် .. မိုးခါးကတော့ စလုံးပဲ ရောက်ဘူးပြီး ဒီက အကြောင်းလောက်ပဲ နဲနဲပါးပါး သိတာပါ .. အများကြီး မသိဘူး .. ခုနောက်ပိုင်းဆို အလုပ်တွေ နားတယ် ရပ်တယ် .. အလုပ်လာရှာတယ် မရကြဘူး .. အပျော်လာကြတာလည်း မဟုတ်ဘူး .. ဆုံးရှုံးကြရတယ် .. အကြွေးတွေ တင်ကြတယ် .. ကုန်သွားတဲ့ ပိုက်ဆံ ဘယ်လို ပြန်ရှာမလဲ ..

ဘယ်သူက အတင်းသွားခိုင်းလို့လဲ .. ကိုယ့်ဟာကိုယ် လျှာရှည်ပြီး ထွက်လာကြတာလေ .. ကိုယ်ဖြစ် ကိုယ်ခံပဲ ..

ဘယ်သူကရော လာချင်လို့ လာမလဲ .. မိဝေး ဖဝေး ကိုယ့်စိတ်ထဲရှိတဲ့စကားတောင် သေသေချာချာ လိပ်ပတ်လည်အောင် မပြောနိုင်တဲ့ နေရာမျိုးကို ဘယ်သူက လာချင်လို့ လာနေမှာလဲ .. ကိုယ်လိုချင်တာတွေ ရှိနေလို့ နေနေရတာပဲလေ .. ဒါကလည်း နေထိုင်ခွင့်ရှိတုန်းလေးသာ နေခွင့်ရတာ .. အလုပ်သာ ချက်ချင်းပြုတ်သွားလို့ကတော့ လာရာလမ်းအတိုင်း လှည့်ပြန်ပေတော့ပဲ .. (ကိုယ့်အလှည့်လဲ ဘယ်တော့ မသိနိုင်ဘူး .. ဘုရား တရား တနေရတယ်)

တော်ပီ ဆက်မပြောတော့ဘူး .. (တကယ်မပြောတော့ဘူး .. :D)

အားလုံး ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ ..

ps. အောက်မှာတော့ ကုသိုလ်ဖြစ်အောင် တွေးခိုင်းထားတာပဲ .. ဒီအဖြစ်ကို ဘယ်လို ကုသိုလ်ဖြစ်အောင် တွေးရပ .. အမှတ်ကလေးနဲ့သာ နေပါတော့မယ် .. ဖြစ်တယ် ပျက်တယ်ပေါ့နော် .. :(

ဆက်လက်ဖတ်ရှူရန်...

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မဟာဂါမလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာကို စားရတဲ့ တိဿအမတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလဲ ကြည်ညို မြတ်နိုးတော် မူတယ်လို့ ဆိုပါတယ်။

တစ်နေ့တော့ အဲဒီ တိဿအမတ်ကို သူကိုးကွယ် ဆည်းကပ်နေကျ ဆရာ ဘုန်းကြီးက "ဒက္ခိဏ၀ိဘင်္ဂသုတ်"ကို ဟောလိုက်ပါတယ်။ ဒက္ခိဏ၀ိဘင်္ဂသုတ်ဆိုတာ အလှူခံ တစ်ကျိပ်လေးယောက် အကြောင်းကို အကျယ် ဝေဘန် ပြထားတဲ့ သုတ်ပါ။ တိဿအမတ်ဟာ အဲဒီ သုတ်ကို နာကြားပြီးတဲ့နေ့ကစပြီး သူ့ရဲ့ စားဦးကို မလှူဘဲ ထမင်း မစားတော့ပါဘူး။ ပြီးတော့ စားဦးကို လှူပြီးမှ ထမင်းစားမယ်ဆိုပြီး သန္နိဌာန် ချခဲ့ပါတယ်။ ချခဲ့တဲ့ အတိုင်းလဲ စားဦးကို လှူပြီးမှ ထမင်းစားလေ့ ရှိပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဇနပုဒ်က ရောက်လာတဲ့ ဧည့်သည်တွေနဲ့ တိုင်းရေးပြည်ရေး ကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ ထမင်းစားဖို့ အခွင့်ရပါတယ်။ မွန်းတည့် လွန်သွားပြီဆိုတော့ စားဦးကို ရဟန်း သံဃာတွေ လှူဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ စားဦးကို ဘယ်သူ့များ လှူရမလဲလို့ စဉ်းစားပါတယ်။ အနားမှာရှိတဲ့ တပည့်တစ်ယောက်က သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ကို လှူဖို့ အကြံပေးပါတယ်၊ တိဿ အမတ်ကလဲ သဘောတူစွာနဲ့ပဲ သူ့ရဲ့ တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို စားဦးကို လှူဖို့ လွှတ်လိုက်ပါတယ်။

တကယ်တော့ ပရိဗိုဇ်ဟာ အ၀တ်ဖြူဝတ်ထားပေမယ့် အကျင့်သီလလဲ ထူးထူးခြားခြား မရှိလှပါဘူး။ ထူးခြားတာဆိုလို့ အ၀တ်ဖြူ ၀တ်ထားတာ တစ်ခုပဲ ရှိပါတယ်။

တိဿ အမတ်ရဲ့ တပည့်တွေ ပရိဗိုဇ်ဆီသွားတဲ့ အချိန်မှာ ပရိဗိုဇ်က ဘာလုပ်နေသလဲ ဆိုတော့ ရေကန်ဘောင်ပေါ်မှာ ငါးမျှားနေပါသတဲ့။ ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေ လာနေပြီဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို ရေထဲပစ်ချ၊ ခြေထောက်နဲ့ အသာနင်းထားပြီး သူမဟုတ်သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။

ဒါပေမယ့် တိဿအမတ်ရဲ့ တပည့်တွေက ပရိဗိုဇ်ရဲ့ အပြုအမူကို မြင်ဖြစ်အောင် မြင်သွားပါတယ်။ ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ ပရဗိုဇ် စားဦးနဲ့ မတန်ဘူးဆိုပြီး တိဿအမတ်ဆီ စားဦးကို ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီ ရောက်တော့ တပည့်တွေက တိဿအမတ်ကို အကြောင်းစုံ ပြောပြပါတယ်။ ဒီတော့ တိဿအမတ်က ဘာပြန်ပြောသလဲ ဆိုတော့ -

"အမောင်တို့၊ ပရိဗိုဇ်ဟာ ယုတ်မာတဲ့ အကျင့် ရှိတယ်လို့ ဆိုပေမယ့် သင်တို့ကို မြင်တော့ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးနဲ့ ငါးမျှားတံကို ရေထဲမှာ နှစ်ပြီး ၀ှက်ထားရှာတယ်၊ အဲဒီ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးသည်ပင် ပရဗိုဇ်အတွက် စားဦးကို အလှူခံထိုက်ပါတယ်။ ငါ့အနေနဲ့လည်း အဲဒီ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ကြည်ညိုလို့ရပါပြီ၊ ကဲ - ပြန်လှူလိုက်ကြပါ" လို့ ပြောပြီး ပရိဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်။ စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့ ဆိုပါတယ်။

ဒီဝတ္တုလေး ဖတ်ပြီးတော့ "တိဿအမတ်နေရာမှာ ငါသာဆိုရင်" ဆိုတဲ့ အတွေးက မသိမသာ ၀င်လာပါတယ်၊ "အေးကွာ - မင်းတို့ ပြောတာ မှန်တယ်၊ ဒီလောက် ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့ မတန်ဘူး၊ အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ၊ ငါတို့ စားတာမှ ဗိုက်ဝဦးမယ်" အဲဒီလိုများ ခပ်ညံ့ညံ့စိတ်ဓါတ်နဲ့ တွေးဖြစ်မလား မသိပါဘူး။

ဘာပဲ ပြောပြော တိဿအမတ်ကတော့ ဒါနကုသိုလ် ဖြစ်သွားတာပါပဲ။ ဆရာကြီး ဦးရွှေအောင် စကားနဲ့ ပြောရရင် ဒါနကို ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။

အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ရခြင်းနဲ့ အကုသိုလ်ဖြစ်ရခြင်း အကြောင်းတွေကို ဒီလို ပြထားပါတယ်။

ကုသလံ ယောနိသော မနသိကာရ ပဒဋ္ဌာနံ၊
အကုသလံ အယောနိသော မနသိကာရ ပဒဋ္ဌာနံ၊

အဓိပ္ပါယ်ကတော့ - ကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းက ယောနိသောမနသိကာရ ရှိလို့ပါတဲ့၊ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းကတော့ အယောနိသောမနသိကာရ ရှိလို့ပါပဲတဲ့၊ ဆိုလိုချက်ကတော့ ယောနိသောမနသိကာရရှိရင် ကုသိုလ်ဖြစ်မယ်၊ အယောနိသောမနသိကာရ ရှိရင် အကုသိုလ်ဖြစ်မယ် ဒါပါပဲ။

ဒါကြောင့် မဟာစည် ဆရာတော်ဘုရားကြီးက ယောနိသောမနသိကာရ ကို ကုသိုလ်ဖြစ်အောင် တွေးခြင်းလို့ မြန်မာပြန်ဆိုပေးခဲ့ပါတယ်။ တစ်ခြား ဆရာတော်ကြီး တစ်ပါးကတော့ ယောနိသောမနသိကာရကို အကောင်းမြင်ဝါဒ ရှိခြင်းလို့ ပြန်ပေးပါတယ်၊ အများနားလည်နိုင်မယ့် စကားလုံးတွေနဲ့ ပြန်ပေးထားကြတာဆိုတော့ သက်ရောက်မှု အဓိပ္ပါယ်တွေကတော့ အတူတွေပါပဲ။

"မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ငါ့အနေနဲ့ ကြည်ညိုလို့ ရပါပြီ" လို့ တိဿအမတ်ပြောလိုက်တဲ့ စကားရဲ့ မြစ်ဖျားခံရာဟာ ယောနိသောမနသိကာရ ပါပဲ၊ ယောနိသောမနသိကာရ ရှိတော့ ကုသိုလ်ဖြစ်သွားတာ အဘိဓမ္မာသဘောအရ သိပ်ပြီး ဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဆန်းတာက အားကျဖို့ ကောင်းတာက တိဿ အမတ်ရဲ့ သန္တာန်မှာ ယောနိသောမနသိကာရ ရှိနေတာပါ။ တကယ်တော့ "တိမ်တိုက်မည်မျှ မဲမဲ၊ အဖြူရောင် ငွေ အနားသတ်ကတော့ ရှိစမြဲ" ဆိုတဲ့ နိုင်ငံခြား စကားပုံအတိုင်း ဘယ်လောက်ပင် ဆိုးနေတဲ့ လူဖြစ်ပါစေ၊ ငွေရောင် အနားသတ်လို့ ခေါ်ရမယ့် ကောင်းကွက်လေး တစ်ကွက်ကတော့ ရှိစမြဲပါ၊ ဒါကို ကိုယ်က ယောနိသောမနသိကာရ အခြေခံပြီး မြင်တတ်ဖို့ပါ။

့ဘာပဲပြောပြော ဘ၀ဆိုတာ ရှိနေရင် သံသရာ ခရီးဆိုတာလဲ ရှိနေဦးမှာပါပဲ၊ အဲဒီ သံသရာဆိုတဲ့ ခရီး တစ်ခုကို လျှောက်နေရသရွေ့တော့ အာရုံမျိုးစုံတွေနဲ့ နေ့စဉ် တွေ့နေကြရမှာပါ။ ကိုယ်နှစ်သက်တဲ့ အာရုံပဲ တွေ့တွေ့၊ မနှစ်သက်တဲ့ အာရုံပဲ တွေ့တွေ့၊ တွေ့လာတဲ့ အာရုံတွေအပေါ် ကိုယ်က ကုသိုလ်ဖြစ်အောင် တွေးတတ်ဖို့ပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် တွေ့လာတဲ့ အာရုံအပေါ် မိတ်ဖွဲ့တတ်ဖို့ပါ၊ မိတ်ဖွဲ့တတ်ဖို့ ဆိုတာကလဲ သိပ်ပြီး ခက်ခဲလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ "ယောနိသောမနသိကာရ" ရှိနေရင် တစ်လောကလုံးနဲ့ အလိုလို မိတ်ဖွဲ့ပြီးသား ဖြစ်နေမှာ ဖြစ်လို့ပါပဲလေ။

ကျမ်းကိုး
၁။ မဓုရ, ရသ၀ါဟိနီကျမ်း (ပဏ္ဍရင်္ဂ၀တ္တု)
၂။ အဋ္ဌသာလိနီအဋ္ဌကထာ (ယောနိသောမနသိကာရ အဖွင့်)
၃။ ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေး အဖြေများ (တည်တော ဆရာတော်)

အလင်းတန်း ဂျာနယ်၊ ၂၄-၆-၂၀၀၂

မှတ်ချက် ။ ဦးဇင်း ရဝေနွယ် (အင်းမ) ရဲ့ အလင်းတန်းဂျာနယ်၊ အင်တာဗျူးဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ Fashion Image မဂ္ဂဇင်း၊ Faces (မုခ) မဂ္ဂဇင်းတို့၌ ဖော်ပြ ပါရှိခဲ့သော ဓမ္မအတွေး ဆောင်းပါးများကို စုစည်းဖော်ပြပေးထားသော "ကုသိုလ်ဖြစ်အောင် တွေးမယ်" ဓမ္မစာအုပ်မှ ကူးယူ ဖော်ပြပါတယ်..။

ဝန်ခံချက် ။

မိုးခါး ဒီစာကို ဖတ်ပြီးတော့ ကိုယ်သာ တိဿအမတ်ကြီးနေရာမှာ ဆိုရင် ဆိုပြီး တွေးမိပါသေးတယ် .. သေချာတာတော့ လှည့်ပြန်ခဲ့မိမှာပဲ ထင်ပါတယ် .. စိတ်ဓါတ် မရင့်ကျက်တာပေါ့နော် .. သေချာ စဉ်းစားကြည့်တော့ ဒါဟာ သူများအကုသိုလ်ကို ကိုယ့် အကုသိုလ်ဖြစ်အောင် တွေးမိနေတာပဲ လို့ မြင်လာတယ် .. နောက်ဆိုရင် ကိုယ် စေတနာ မှန်နေဖို့သာ ဦးစားပေးသင့်တယ်လို့ ခံယူမိပါတယ် .. သိဖူး ကြားဖူးတာတော့ ဒါနဆိုတာ လှူတတ်ရင် မြတ်ပါတယ် .. ကိုယ့်ရဲ့ အလှူ ဒါနအတွက် တဖက် အလှူခံ ပုဂ္ဂိုလ် အကျိုးအမြတ် တစ်စုံ တစ်ရာ ရရှိသွားမယ်ဆိုရင် ကုသိုလ်ဖြစ်မှာပါပဲ ..

မြတ်စွာဘုရား တရားဟောတဲ့ အခါ ဒါနက စဟောပါတယ်တဲ့ .. ဘာလို့ဆိုတော့ ဒါနကုသိုလ်ဟာ ပြုဖို့ လွယ်ကူတဲ့ အတွက် ဒါနကုသိုလ်ကို အရင် ဟောခြင်း ဖြစ်ပါတယ်တဲ့ ..

မိုးခါးတို့လက်ထဲမှာ လုပ်နိုင်ပိုင်ခွင့်တွေ ကိုယ်စီ ရှိကြတယ် .. မခက်ခဲတဲ့ အလွန်လွယ်ကူတဲ့ ကုသိုလ်ရမယ့် လုပ်ရပ်မျိုးတွေ နေ့စဉ် ဘယ်လောက်များများ လုပ်ဖြစ်ကြသလဲ တွေးစရာပါပဲ ..

ဆက်လက်ဖတ်ရှူရန်...

မနက်ဖြန် ၃-၁၀-၂၀၀၉ (စနေနေ့) (သီတင်းကျွတ် လပြည့်/အဘိဓမ္မာနေ့) ပါ .. ဥပုသ် သီလ ဆောက်တည်လိုသူများကို နှိုးဆော်အပ်ပါတယ် ..

ကိုးပါးသီလကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ် ..


ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ)

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

အာမ ဘန္တေပါ အရှင်ဘုရား။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

အာမ ဘန္တေပါ အရှင်ဘုရား။

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။)

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။)

၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မမြတ်သော မေထုန်အမှုလည်း မပြုဘဲ အမြဲရှောင်ကြဉ်မည်။)

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။)

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။)

၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကြဉ်မည်။)

၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကြဉ်မည်။)

၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကြဉ်မည်။)

၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။
(မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။)

အာမ ဘန္တေပါ အရှင်ဘုရား။

ကိုးပါးသီလပေးရာတွင် ဤသုံးမျိုး တွေ့ဖူးပါသည်။
၁။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။
၂။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။
၃။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။ (ဆရာတော်အရှင်ဇနကာဘိဝံသ နှစ်သက်ပါသည်။)

ဗုဒ္ဓဓမ္မ ဦးလောကနာထ


ဗုဒ္ဓဓမ္မ ဦးလောကနာထ ၀ပ်ဆိုက်မှ ကူးယူ ဖော်ပြပါသည် ..

အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ..

ဆက်လက်ဖတ်ရှူရန်...